ဗဟန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်

ဗဟန်း     ဇူလိုင်   ၂၁

         ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊  ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီး ဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ တို့ကို ယမန်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ၊မိုးဦးပန်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခိုင်ဆုရည်ဇော် ကအဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမ မအေးပွင့် က ကျောင်းသား/သူလေးများအနေဖြင့် ဗလ ငါးတန် ဖွံ့ဖြိုးရေးအတွက် အားလပ်သောအချိန်များတွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် စာအုပ် စာစောင်များဖတ်ရှုကြရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအကြောင်းနှင့် ပတ်သက်၍ ဟောပြောခဲ့ပြီး၊  အလယ်တန်းအဆင့်ကျောင်းသား/သူ လေးများက ကျပန်းစကားပြောပြိုင်ပွဲ၊ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ဆုရရှိသည့်ကျောင်းသား/သူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ကာယဗလ ဖွံ့ဖြိုးရေးအတွက် ဂိမ်းပြိုင်ပွဲများဖြစ်သည့်  ခါးကွင်းလှည့် ပြိုင်ပွဲ ၊စကားပုံဆက်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊ ခွက်ရွှေ့ပြိုင်ပွဲများ ဆက်လက် ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ  စိတ်ပါဝင်စားစွာ ပါဝင်ဆော့ကစားခဲ့ကြပြီး  ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။  ထို့နောက်ခန်းမအတွင်းပြသထားသော အသိပညာပေး နံရံကပ် စာစောင်များနှင့် သုတ/ရသစာအုပ်၊ စာစောင်များကို ပြသခဲ့ကြရာ စိတ်ပါ၀င်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။