ဗဟန်း ဇူလိုင် ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်ရှိဖလင်ပိဋကတ်တိုက်နှင့်လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ဦးစွာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာလမ်းရှိ ဖလင်ပိဋကတ်တိုက်သို့ ရောက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းကားများအား ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးသည်ဖလင်ပိဋကတ်တိုက်အတွင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့်ဖလင်များထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရုံးခွဲများဖွင့်လှစ်ထားပြီးပြည်သူလူထုနှင့်အများဆုံးထိတွေ့ရသောဌာနဖြစ်သည့်အတွက်ပြည်သူများ
အကျိုးရှိမည့်ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်းများကိုစနစ်တကျပိုမိုဆောင်ရွက်စေလိုကြောင်း၊လူထုအခြေပြုဗဟိုဌာနကိုပြည်သူလူထုအားကိုးယုံကြည်ရသည့်နေရာတစ်ခုဖြစ်စေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ လူထုအခြေပြုဗဟိုဌာနအတွင်းရှိ ပြတိုက်ငယ်ပြခန်း၊ စာကြည့်တိုက်၊ သင်တန်းခန်းမ၊ ဘက်စုံသုံးခန်းမ၊ ကလေးစာဖတ်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိသည်။





