ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓာတ်ပုံပညာမွမ်းမံသင်တန်း ဖွင့်ပွဲကျင်းပ

ဗဟန်း             စက်တင်ဘာ      ၇

       ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ “ဓာတ်ပုံပညာမွမ်းမံသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့  နံနက် ၉ နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုဗဟိုပြုဌာန(ဗဟန်း)၌ ကျင်းပပြလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ” ဓာတ်ပုံပညာသည် အချိန်ကာလတစ်ခု၏ ဖြစ်ရပ်များ၊ လူမှုဘဝအခြေအနေများနှင့် ထူးခြားသည့်အခိုက်အတန့်များကို အနာဂတ်မျိုးဆက်များအတွက် မပျောက်မပျက် မှတ်တမ်းတင်ပေးနိုင်သည့် အရေးပါသော ပညာရပ်တစ်ရပ်ဖြစ်သကဲ့သို့ သတင်းမီဒီယာလုပ်ငန်းများတွင်လည်း ဖြစ်ရပ်မှန်ကို ထိရောက်စွာ ဖော်ပြပေးနိုင်သည့် အင်အားကောင်းသော ဆက်သွယ်ရေးကိရိယာတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ဓာတ်ပုံပညာရပ်ကို စဉ်ဆက်မပြတ်လေ့လာမွမ်းမံပြီး ခေတ်နှင့်အညီ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း” ပြောကြားခဲ့သည်။ထို့နောက် သင်တန်းနည်းပြ ဓာတ်ပုံပညာရှင် ဆရာဦးကျော်ဇေယျ (Ko Steed) က အမှာစကားပြောကြားရာတွင် ဓာတ်ပုံကောင်းတစ်ပုံဆိုသည်မှာ ရုပ်ပုံတစ်ခုကိုသာ ဖော်ပြခြင်းမဟုတ်ဘဲ အချိန်ကာလတစ်ခု၏ အဖြစ်အပျက်နှင့် ခံစားချက်များကိုပါ မှတ်တမ်းတင်ထားနိုင်သည့် အနုပညာတစ်ရပ်ဖြစ်ကြောင်း၊ ဓာတ်ပုံပညာတွင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့်အတူ အမြင်၊ စိတ်ကူးစိတ်သန်းနှင့် အခိုက်အတန့်ကို ဖမ်းယူနိုင်သည့် အရည်အချင်းများလည်း အရေးကြီးကြောင်း၊ သင်တန်းကာလအတွင်း စာတွေ့၊ လက်တွေ့ ပေါင်းစပ်လေ့လာ၍ မိမိတို့၏ ဓာတ်ပုံပညာရပ်ဆိုင်ရာ အရည်အချင်းများ တိုးတက်မြင့်မားလာစေရန် ကြိုးစားလေ့လာကြစေလိုကြောင်း ပြောကြားသည်။ယင်းနောက် တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ဓာတ်ပုံပညာမွမ်းမံသင်တန်းမှတစ်ဆင့် ဓာတ်ပုံပညာရပ်ဆိုင်ရာ ခေတ်မီနည်းစနစ်များ၊ အမြင်ဖွဲ့စည်းမှု၊ အလင်းအမှောင်နှင့် အခိုက်အတန့်ကောင်းများကို ထိရောက်စွာ ဖမ်းယူမှတ်တမ်းတင်နိုင်ရေးအတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများကို လေ့လာဆည်းပူးနိုင်မည်ဖြစ်ပြီး သတင်းမီဒီယာနှင့် ပြန်ကြားရေးလုပ်ငန်းများတွင် အရည်အသွေးပြည့်ဝသည့် မှတ်တမ်းတင်ဓာတ်ပုံများ ထုတ်လုပ်နိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။