ဗဟန်း စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ တို့ကို ယနေ့ နံနက်( ၁၀)နာရီအချိန်က အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း ၊မြတ်ပန်းမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်ကစာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကျင်းပရသည့်ရည်ရွယ်ချက်အားပြောကြားခဲ့ကြောင်းသိရသည်။ ထို့နောက်စာရေးဆရာမပေါက်ပေါက်က ကျောင်းသား /သူလေးများအနေဖြင့်ယဉ်ကျေး လိမ္မာ သောသူများဖြစ်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသောသူများ ဖြစ်စေရန်အတွက်”ယဉ်ကျေးမှုအမွေထိန်းသိမ်းကြစေ” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး၊အလယ်တန်း အဆင့် ကျောင်းသား/သူလေးများကကျပန်းစကားပြောပြိုင်ပွဲ၊ပုံပြင် ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ ပေးခဲ့ပြီး ဆုရရှိ သည့်ကျောင်းသား/သူများအားဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ လက်ထောက်ညွန်ကြားရေးမှူးဒေါ်အေးအေးခိုင်နှင့် ကျောင်းသားကျောင်းသူငါးဦးမှ လူငယ်စကားဝိုင်းဆက်လက်ကျင်းပပြီး ကာယဗလဖွံ့ဖြိုးရေးအတွက် ဂိမ်းပြိုင်ပွဲများဖြစ်သည့် ခါးကွင်းလှည့် ပြိုင်ပွဲ၊စကားပုံဆက်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊ ခွက်ရွှေ့ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ပါဝင်ဆော့ကစားခဲ့ကြပြီး ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက်ခန်းမအတွင်းပြသထားသောအသိပညာပေး နံရံကပ် စာစောင် များ နှင့် သုတ/ရသစာအုပ်၊ စာစောင်များကို ပြသခဲ့ကြရာ စိတ်ပါ၀င်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။






