ဗဟန်း မေ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ပြည်သူများ၏ ဥပဒေရေးရာနှင့် လူမှုဘဝလုံခြုံရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ “လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးနှင့် Online လိမ်လည်မှုအန္တရာယ်ကာကွယ်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယနေ့ နံနက် ၁၀ နာရီက ဗဟန်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံဝင်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် ပြည်သူနှင့် တာဝန်ရှိသူများအကြား အပြန်အလှန်ဆွေးနွေးနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ဒေသအကျိုးပြုကိစ္စရပ်များအပေါ် အများပြည်သူ၏ ပါဝင်ဆွေးနွေးမှု မြင့်မားလာစေရန်နှင့် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားလာစေရန်တို့ကို ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့စကားဝိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကျော်ရဲထွန်းနှင့် အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်ဇေယျာထွန်းတို့ကလူကုန်ကူးမှုဆိုင်ရာ တည်ဆဲဥပဒေများ၊ Online လိမ်လည်မှုများ၏ လုပ်ဆောင်ပုံနည်းလမ်းများ၊ ငွေကြေးလိမ်လည်မှုနှင့် ကိုယ်ရေးအချက်အလက် ခိုးယူခံရမှုများကို ကြိုတင်ကာကွယ်နိုင်ရေး နည်းလမ်းများပြည်သူများအနေဖြင့် လူမှုကွန်ရက်များနှင့် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြုရာတွင် သတိပြုလိုက်နာရမည့် အချက်များအား အသီးသီးဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။





